တစစနဲ့ ကိုယ့်ဘ၀မှာလေ...
--------------------------------
ပြိုမြစ်ခြင်းတို့ ကုန်ဆုံး၍ အိုမင်းခြင်းတို့ တစစ အစားထိုးခဲ့ပြီ။
ကျနေ၏ ဆည်းဆာသည် လောကကို အလှဆင်ငြား မကြာမီဝယ် ငုတ်လျိုးကွယ်ပျောက်ကာ လောကကို နှုတ်ဆက်ရလတံ့ဟူသော အသိက လောကသား၏ နှလုံးသားဝယ် လွှမ်းမိုးနေသည်။ လောက ဓမ္မတာဟုဆိုလင့်ကစား မြတ်စွာဘုရားပင်လျင် ပရိနိဗ္ဗာန်လမ်းကို မကြွလှမ်းမီ လေးအင်္သချေနှင့်ကမ္ဘာတသိန်း ပါရမီတော်တို့ကို ဖြည့်ကျင့်ကာ ပြည့်စုံလာသောဘုရားဘ၀၀ယ် လောကသားတို့ကို ကယ်တင်ရာဋ္ဌာန သြကာသလောက ရာဇဂြိုလ်ရွှေမြို့တော်ကြီးကို ဆင်မင်းတို့၏ ကြည့်ခြင်းကဲ့သို့ တကိုယ်လုံးလှည့်ကာ နောက်ဆုံးကြည့်ရှု နှုတ်ဆက်တော်မူခဲ့ပေတကား။ ကျနော်တို့ လောကသားတို့ အဖို့ တသက်တာဝယ် ကြုံဆုံလာရသော မိ၊ဘ၊ ဆွေမျိုးညာတကာ၊ ဇနီး၊သား၊သမီး မိတ်ဆွေ အပေါင်းအသင်း၊ ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်နိုင်ငံ တို့ အပေါ်တွင် ကြီးမားသော သံယောဇဉ်တို့သည် ရစ်ပတ်တုတ်နှောင်ခဲ့လေသည်။ သို့သော် ထို ကြီးမားသော သံယောဇဉ်တို့ကြောင့် နောင် သံသရာ မရှည်စေကြောင်း၊ ဒီသံယောဇဉ်တို့သည်သာလျင် လောက၀ယ် ဒုက္ခသံသရာ အကြိမ်လည်စေကြောင်း နှလုံးပိုက်ကာ ထိုစွဲလန်းတတ်သော ဥပါဒါနက္ခန္ဓာ ငါးပါးတို့၏ သဘောမှန်ကို သိမြင်ကာ အရစ်ရစ်သော သံယောဇဉ်ကြိုးတို့မှ ရုန်းထွက်စေရန်လည်း ထူးမြတ်သော အဆုံးအမတရားနှင့် ကြုံတွေ့ခွင့်ရသော ယခုဘ၀ပင်လျင် လောကသစ္စာတရားတို့ကို သိမြင်ရန် ကြိုးစားကြရပေမည် တကား။
မည်သို့ပင်ဆိုစေ ကျနော့်နှလုံးသားတို့သည် အရစ်ရစ်သော သံယောဇဉ်ကြိုး၏ တင်းတင်းရစ်ပတ် တုတ်နှောင်ခြင်းကို ခံနေရဆဲဖြစ်ပါသည်။ ချစ်သောလောက၊ ချစ်သော ဤကမ္ဘာ၊ ချစ်သော ဒို့မြေ၊ ချစ်သော ဒို့ရေ၊ ချစ်သော ဒို့တောတောင်၊ ချစ်သော ဒို့အမျိုး၊ ချစ်သော မိသားစုတို့ကို ချစ်ခင်တွယ်တာခြင်းများနှင့် နှလုံးသားသည် နွေးထွေးနေသကဲ့သို့ ထိုချစ်သောသံယောဇဉ်တို့ အပေါ် ကျပြီး ကျဆဲ ကျလတ္တံ့ လောကဓံ ဒဏ်ချက်တို့ကြောင့် ပူဆွေးဗျာပါ ခံစားခဲ့ရပေါင်းလည်း များလှပေပြီ။ အော်သံယောဇဉ်တို့သည် ပူလောင်မှုကို ပေးစွမ်းပါတကား...ဟု ပါးစပ်မှ သံဝေဂတရား ငြီးတွားနေငြား ဘုရားရှေ့ဝယ် သံယောဇဉ် ငြိမ်းကြောင်းကို ကျင့်ကြံသော အချိန်ထက် သံယောဇဉ်တို့နှင့် လုံးချာလည်နေသော အချိန်များကသာ များပြားနေပြန်ပါတော့သည်။
နှစ်ငါးဆယ်ကျော်မျှ တလှမ်းခြင်း လျှောက်လာခဲ့တဲ့ ဒီဘ၀၊ ဘယ်ကစလို့ ဘယ်လိုသွား၊ ဘယ်လိုများ ဒီရောက်ခဲ့ပါလိမ့်... ဟု ပြန်ပြောင်းကာ တွေးမိသည်။ ငါအလှော်သန် ရေဆန်ကိုတက်ကာ ရောက်လာတာလား၊ ရေသာရေစီးမှာ သာယာငြိမ့်ငြောင်းစွာ မြောပါရောက်လာတာလား၊ သူများ ဖောင်အငှားစီးကာ ရောက်လာတာလား၊ ဒီနေရာကို ရောက်ကို ရောက်ရမည်ဟု သံဓိဋ္ဌာန်ဖြင့်ရောက်လာတာလား၊ ကြုံသလိုလျှောက်ရင်း ရောက်လာတာလား၊ သူများတွန်းပို့လို့ ရောက်လာတာလား ကိုယ့်ကိုယ်ကို ပြန်မေးမိသည်။
ဗုဒ္ဓဘာသာ မြန်မာပီပီ ကံရှိလို့ ရောက်လာတာပေါ့ကွယ် လို့ ဖြေလိုက်ရင်တော့ လွဲမည်မထင်၊ သို့သော်ငြား သူ့ချည်းသာလောဆိုတော့ ဥာဏ်လဲ ပါသပေါ့၊ ၀ိရိယလဲ ပါသပေါ့။ မိမိ၏ စေတနာ မိမိ၏ ဆန္ဒတို့က ဘ၀ လမ်းမြွှာတို့ကို ဦးဆောင်မခေါ်နိုင်လင့်သော်ငြား အလေးထား ပဲ့ကိုင်ရာ ပေးကြတာတော့ သေခြာပေသည်။ ထို့ကြောင့် ကျနော်ရောက်တဲ့ ဒီဘ၀ဟာ ကျနော်လှော်ခဲ့တဲ့ နေရာပါဗျာလို့ ဆိုချင်ပေသည်။ အပြည့်အ၀ မှန်ပြီလားဆိုတော့လဲ မမှန်ပါ။ ကျနော့်၏ ဘ၀က ဒီလို ဖြစ်နေငြား ကျနော့်နှလုံးသားထဲမှ အိပ်မက် အကြိမ်ကြိမ်မက်ကာ တတမ်းတတ ဖြစ်သောဘ၀က လက်ရှိဘ၀နှင့် ဆီနှင့်ရေပမာ ခြားနားနေပြန်ပါသည်။ ထို့ကြောင့် ယခုဘ၀ဟာ ကံပေးတဲ့ ဘ၀ပါကွာ၊ မင်းတကယ်လိုချင်လို့ ရလာတဲ့ ဘ၀မဟုတ်ပါဘူးဟု ဆိုပြန်တော့လဲ လက်မခံနိုင်။ ကြက်ဥနှင့် ကြက်မကြီး ဘယ်ကစပမာ လုံးခြာလည်နေပြန်တော့သည်။
----------------------------------------------------------------------------------------