လူဆိုတာ အတ္တမျိုးဘဲ...
ကိစ္စတခုခုကြုံတွေ့လာယင် အတ္တကို အခြေတယ်ပြီး စဉ်းစားတတ်တယ်...
ကိစ္စတခုလုံးကို အခြေခံကျကျ ခြုံမမြင်ဘဲ ဒီကိစ္စနဲ့ပတ်သက်ပြီး အကျိုးသက်ရောက်မလဲဆိုတာ စဉ်းစားတယ်။
ငါ ဘယ်လို အကျိုးအမြတ်ရမလဲ...
ငါ့ကို ဘယ်လို ထိခိုက်မလဲ...
ငါ့အကျိုးအတွက် ဘယ်လိုကာကွယ်ရမလဲ...
ငါ့မထိအောင် ဘယ်လိုရှောင်ရမလဲ...
ဒီငါအခြေခံ အတွေးအခေါ်ဟာ ကိုယ့်ရဲ့ ပင်ကိုယ် ဆင်ခြင်စဉ်းစားမှုကိုလဲ ထင်ယောင်ထင်မှား ဖြစ်စေပါတယ်။
လူတွေဟာ တခုခု ပြသနာ ဖြစ်လာတယ်ဆိုယင်... ငါ့ကြောင့် မဟုတ်ဘူး ငါ့ပြသနာ မဟုတ်ဘူး ဖြစ်မှာပေါ့ သူတို့က ဒီလိုလုပ်တာကိုး... ငါပြောရဲ့သားနဲ့... ငါထင်တယ်... သူတို့ ဒီလိုလုပ်ရမှာ... စသဖြင့် ပြသနာဟာ င့ါဟာ မဟုတ် ငါ့ကြောင့် မဟုတ်.. သူတို့ကြောင့် ဆိုပြီး စဉ်းစားတတ်ပါတယ်...
အဲ အောင်မြင်မှု တခုရလာပြီဆိုယင်လဲ ငါ့ကြောင့်.. ငါဘယ်လို လုပ်ခဲ့တာ... ငါရှိလို့သာပေါ့... ဆိုပြီး တွေးတတ်ကြပါတယ်...
အတ္တဟာ ကိုယ့်ဘက်က အမှန်၊ သူ့ဘက်က အမှား၊ ကိုယ့်ဘက်က အသာ သူ့ဘက်က အနာ စဉ်းစားတတ်ပါတယ်။
ဒီလို စဉ်းစားတတ်တဲ့ အတ္တရဲ့ အမှားကတော့ ကိုယ့်အပြစ်ကို ကိုယ် မမြင်တာပါဘဲ။ သူများကို လွှဲချတတ်သူ တယောက် ဖြစ်စေပါတယ်။ တာဝန်ယူမှု နည်းပါးသူ၊ ခေါင်းရှောင်သူ၊ အမှားကို ၀န်မခံတတ်သူ၊ ကိုယ့်အမှားကို အဝေဘန် မခံနှိုင်သူ၊ အကျိုးအမြတ်ကို ခူးခတ်စားတတ်သူ... တကိုယ်ကောင်းဆန်သူ တယောက် အဖြစ် ပုံဆောင်ပေးပါတယ်။
သာမာန်ကတော့ လောကမှာ ပြသနာဖြစ်ယင် ဖုံးပြီး သူများထိုးချ၊ အောင်မြင်ယင် လူရှေ့ထွက်ပြတာဟာ လုပ်ကိုလုပ်ရမဲ့ အလုပ်တခုလို့ မြင်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းကျ ဒီလို အကျင့်မျိုးဟာ ကိုယ့်ကို ဆွဲချတဲ့ အကျင့်ဆိုတာ မသိကြပါဘူး။
ဥပမာ၊ မြတ်စွာဘုရားဟာ အရှင် ရာဟုလာကို သည်းခံဘို့ အမြဲဆုံးမပါတယ်။ ဒါကိုလဲ အရှင်ရာဟုလာဟာ လေးလေးစားစား လိုက်နာပါတယ်။ တနေ့တော့ ရဟန်းကြီးတွေက အရှင်ရာဟုလာကို စမ်းချင်တာနဲ့ အမှိုက်တွေကို ကြဲချထားပြီး အရှင်ရာဟုလာ အမှိုက်တွေ ရှုပ်ထားပြန်ပြီလို့ စွပ်စွဲပါတယ်။ အရှင်ရာဟုလာက ဟာ ဟုတ်ပါရဲ့ တပည့်တော်များ အမှိုက်ရှုပ်လိုက်မိလား မသိပါဘူးဆိုပြီး ရှင်းလိုက်ပါတယ်... တဲ့...
ဟာ ဒါတပည့်တော် အမှိုက်မဟုတ်ဘူး၊ တပည့်တော်နဲ့ ဘာမှမဆိုင်ဘူး၊ တပည့်တော်ကို ဒီလို မစွပ်ပါနဲ့ စသဖြင့် မတုံ့ပြန်ဘဲ ဒီလို တုံ့ပြန်လိုက်တဲ့ အကျိုးဟာ အရှင်ရာဟုလာကို ချီးကျူးခံရစေပါတယ်။
လောကမှာ အလုပ်လုပ်ကြတဲ့ အခါမှာ၊ သူ့အကျိုး ကိုယ့်အကျိုးအတွက် လုပ်နေကြတာဆိုတော့ ကိုယ့်အပြစ်ကိုယ် ဖေါ့၊ ကိုယ့်အတွက် အကျိုးများများ ရအောင် လုပ်တာဟာ မဆန်းပါဘူး။ လုပ်ကို လုပ်ရမဲ့ ကိစ္စလို့ ယူဆထားကြပါတယ်။ ထို့အတူ ကိုယ့်အကျိုးကို ထိခိုက်လာယင်လဲ ဒေါသတကြီး ကြက်ခေါင်းဆိတ် မခံတုံ့ပြန်တတ်ကြပါတယ်။ အဲ... ဒေါသနဲ့ တုံ့ပြန်လိုက်ယင် အမှားတွေ တသီကြီး လုပ်မိတော့တာပါဘဲ။ အဲဒါနဲ့ သူများ အမှားကနေ နောက်မှာ ကိုယ့်အမှား ဖြစ်လာတော့တာပါဘဲ။
ဒါ့ကြောင့် ဒီကနေ့ ကျနော် အလုပ် မလုပ်ခင်မှာ၊ ကိုယ်တာဝန်ယူထားတဲ့ အလုပ်တွေဟာ တကယ်ဘဲ အောင်မြင်မှုရနေသလား၊ တကယ်ဘဲကြိုးစားပြီး သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်ထားသလား။ ကိုယ်ရော သူများတွေရော အဲလိုမြင်ရဲ့လား။ အဲလို မဟုတ်ဘဲ၊ သေခြာအောင် လုပ်မထားဘဲ အပြစ်တင်လာတဲ့သူတွေကို ကိုယ်က ဖြစ်မှာပေါ့ဆိုပြီး လက်ညှိုးထိုးချင်နေသလား။ ဒါတွေကို ရိုးရိုးသားသားနဲ့ တကယ် ကောင်းအောင် လုပ်ထားယင် သူတို့ ဘာပြောမလဲ၊ ကိုယ့်ကို ဘယ်လိုမြင်မလဲ။
အင်း တကယ်တာ ကောင်းအောင် လုပ်ထားယင် တကယ်ဘဲ သူတို့ ကိုယ့်အပေါ် အကောင်းမြင်လာမှာဘဲ။ အားကိုးလာမှာဘဲ။ နေရာပေးမှာဘဲ ဆိုတာ ယုံကြည်လာပါတယ်။ ကောင်းအောင် လုပ်ဘို့ရာ ကိုယ့်တာဝန်ပါဘဲ။ မကောင်းဘဲနဲ့ မကောင်း အပြောခံရတာကို နာမနေပါနဲ့။ မကောင်းဘဲနဲ့ အကောင်း အပြော မခံချင်ပါနဲ့...
ကိစ္စတခုကို ကိုယ့်ဘက်ကို ဖေါ့ပြီး ဘယ်တော့မှ မတွေးပါနဲ့လို့ ကိုယ့်ကိုကိုယ် ဆုံးမနေမိပါတယ်။
No comments:
Post a Comment