Wednesday, September 27, 2017

ဖြစ်ပျက်မြင်အောင်ကြည့်ပါ

ဖြစ်ပျက်မြင်အောင်ကြည့်ပါ
-----------------------------
ဣနြေ္ဒထက်ကြောင်း ၉ပါးထဲမှာ ပထမဆုံးက ဖြစ်ပျက်ကို မြင်အောင် ကြိုးစားကြည့်ဖို့ ဖြစ်ပါတယ်။ တရားအားထုတ်စမှာ ဖြစ်ပျက်မြင်အောင် ကြည့်ရမှာတဲ့ဆိုပြီး ဖြစ်ပျက်ကို မြင်အောင် ကြိုးစားကြည့်ပါတယ်။ ဒါပေမဲ့ မမြင်ပါဘူး။ အာရုံဟာ ပေါ်ပြီး ပျောက်သွားတာကို တွေ့မယ်။ ဒါပေမဲ့ ဖြစ်ပျက်သွားတာပါလားလို့ ဥာဏ်မှာ မဖြစ်ပါဘူး။ အော် ပေါ်ပြီးပျောက်သွားတာပဲလို့ ရှုလို့ ရပါတယ်။ သို့သော် ဖြစ်ပျက်ဥာဏ်တော့ မဖြစ်သေးပါဘူး။ တချို့ကလဲ သညာသိနဲ့ ဒါက ဖြစ်တာ၊ ဒါကပျက်တာဆိုပြီး ဆင်ခြင်ရှုကြပါတယ်။ ဆင်ခြင်ဥာဏ်နဲ့ တခုတနေရာကို ဖြစ်ပျက်ဆိုပြီး အမှတ်ထားရှုနေလို့ ပညတ်ဖြစ်ပျက်ကြီး ဖြစ်နေပါတယ်။ ၀ိပသနာ ဖြစ်ပျက်ဥာဏ် မဖြစ်ပါဘူး။ အလကားတော့ မဖြစ်ပါဘူး။ သတိနဲ့ သံဝေဂဥာဏ်တော့ ဖြစ်ပါတယ်။
...............
ဒါ့ကြောင့် တရားအားမထုတ်ခင်မှာ သိထားရမှာကတော့ ၀ိပသနာဆိုတာ ခန္ဓာကိုယ်နဲ့ စိတ်မှာ ဖြစ်နေပျက်နေတဲ့ သဘောတွေကိုရှုတာ လို့ သိထားရပါမယ်။ စိတ်ကို အဲဒီ ဦးတည်ထားရပါမယ်။ ဖြစ်ပျက်ကို မြင်အောင် ကြိုးစားနေရပါမယ်။ ဒါပေမဲ့ ယောဂီမြင်နေရမှာ ရှုနေရမှာကတော့ အာရုံတို့ရဲ့ သဘာဝလက္ခဏာတွေပါပဲ။ လှုပ်တာ၊ပူတာ၊အေးတာ၊မာတာ၊တောင့်တာ၊စိတ်ဆိုးတာ၊ စိတ်ညစ်တာ၊ ပျော်တာ၊ နာတာ၊ မခံသာတာ၊ ချမ်းသာတာ၊ မြင်တဲ့သဘော၊ ကြားတဲ့သဘော၊ အိပ်ချင်တဲ့သဘော... စတာတွေကို ရှုနေရမှာပါပဲ။
...
အဲဒီလို ကြိုးစားပြီး ရှုနေရင်းက သတိအားကောင်းလာတော့ သမာဓိအားကောင်းလာတယ်။ အဲဒီမှာ သတိတချက်ထားရပါမယ်။ သမာဓိနောက်လိုက်ပြီး သမာဓိသမား ဖြစ်သွားတတ်ပါတယ်။ ကိုယ့်ပန်းတိုင်က ဖြစ်ပျက်ဖြစ်လို့ သမာဓိနောက် ဆားငန်ရေလို တကောက်ကောက်လိုက်နေရင် မတော်ပါဘူး။ သမာဓိဟာ လိုက်ရင် မဆုံးနိုင်ပါဘူး။ ဈာန်လေးပါး၊ နောက် တန်ခိုးတွေ အထိပါပဲ။ တသက်မက လိုက်လို့မဆုံးတတ်ပါဘူး။
...
တချို့ကျတော့လဲ သတိအားကောင်းတော့ သမာဓိအားကောင်းလာတယ်။ သမာဓိအားကောင်းလာတော့ ပညာ အားကောင်းလာတယ်။ အမြင်တွေ အားကောင်းလာတယ်။ ရုပ်တွေ နာမ်တွေရဲ့ သဘောတွေကို ထိုးထွင်းသိမြင်လာတယ်။ အဲဒီမှာ ပိုပို သိချင်လာတယ်။ ရုပ်တခုစီ နာမ်တခုစီရဲ့ သဘာဝလက္ခဏာတွေကို အကုန်အစင် သိချင်လာတယ်။ ၀ိထိတခုချင်း သိချင်လာတယ်။ အမှုံတခုချင်း သိချင်လာတယ်။ သြဇာဓာတ်ကိုထိ သိချင်လာတယ်။ စိတ်တလုံးချင်းထိ သိချင်လာတယ်။ ရုပ်အစုံ နာမ်အစုံရဲ့ သဘောတွေ သိချင်လာတယ်။ သိစရာတွေ အများကြီးပါပဲ။ အကုန်လိုက်ရင် သိစရာ အဘိဓမ္မာတကျမ်းလုံး လက်တွေ့မြင်အောင် လိုက်ရှုနေလို့ရတယ်။
...
တချို့ကျလဲ ၀ိရိယနောက်လိုက်ပြီး ငါ ၁၀နာရီ ထိုင်နိုင်တယ်၊ ၁၅နာရီထိုင်တယ်ဆိုပြီး ၀ိရိယနောက်လဲ ပါသွားကြပြန်ပါတယ်။
...
အားလုံးဟာ အကျိုးများတာချည်းပါပဲ။ အချည်းနှီိးတော့ မဖြစ်ပါဘူး။
ဒါပေမဲ့ ကိုယ့်မူလပန်းတိုင်ဖြစ်တဲ့ ၀ိပသနာ အနိစ္စ၊ဒုက္ခ၊အနတ္တဘက်ကို ဦးမလှည့်ဘဲ ချဲ့ချင်ရာချဲ့ ကားချင်ရာ ကားနေတတ်ပါတယ်။
ဒါ့ကြောင့် ဣနြေ္ဒထက်ကြောင်း ကိုးပါး တရားတော် ပထမအချက်မှာ ဖြစ်ပျက်မြင်အောင်ရှုပါလို့ အဋ္ဌကထာ ဆရာတော်က သတိပေးထားပါတယ်။ ကိုယ့်မှာ ဖြစ်ပျက်မြင်နိုင်တဲ့ သတိ၊သမာဓိ၊ပညာ ပြည့်စုံနေပြီဆိုရင် ဖြစ်ပျက်ကိုသာ ဦးစားပေးရှုပါ။ ကျန်တဲ့ ၀ိရိယ၊ သမာဓိ၊ သဘာဝ လက္ခဏာတွေကို ချဲ့ကားမနေပါနဲ့လို့ ပြောချင်တဲ့ သဘောလို့ သဘောပေါက်မိပါတယ်။
ဗိုလ်ငါးပါး၊ ဣနြေ္ဒ ငါးပါး အားပြည့်လာပြီဆိုရင် ဖြစ်ပျက်သဘောကို ရှုမယ်လို့စိတ်ကို ညွတ်ပေးလိုက်တာနဲ့ ရှုစိတ်မှာ ဖြစ်နေပျက်နေတဲ့ သဘောကို မြင်ပါတော့တယ်။ သံပါတ်ပြည့်တဲ့ နာရီမောင်းလေးကို လက်နဲ့ တချက် လွှဲလိုက်တာနဲ့ ဆက်သွားသလိုပေါ့။ သံပါတ်လုံလောက်အောင် မပြည့်ရင် မမြင်ပါဘူး။ တခါတရံလဲ ဆက်ကြာကြာမသွားပဲ ခဏနေကျရင် ဟင်ငါ့ဖြစ်ပျက်ကြီးကလဲ လုပ်ရှုနေတာပဲလို့ သိလာတတ်တယ်၊ သို့မဟုတ် သတိပျောက်ပြီး အတော်ကြာမှ သတိပြန်လည်လာတာလဲ ဖြစ်တတ်ပါတယ်။ ဗိုလ်ငါးပါး၊ ဣနြေ္ဒ ငါးပါး တကယ်အားကောင်းလာပြီဆိုရင်တော့ တရားထိုင်လိုက်ရင်ပဲ ဖြစ်ပျက်ပဲ ကြည့်ချင်တယ်။ မြင်တယ်။ ကျဲကျဲလဲ ဖြစ်ပျက်လို့ပဲသိတယ်၊ စိပ်စိပ်လဲ ဖြစ်ပျက်လို့ပဲ သိတယ်။ စိတ်ပျံ့သွားလဲ ဖြစ်ပျက်ပဲလို့ သိတယ်။ သတိမေ့သွားတာလဲ ဖြစ်ပျက်လို့ပဲသိတယ်။ နောက်ကျ မမြင်ချင်ဘူး၊ မြင်ရတာ ကြောက်နေပြီး ညည်းငွေ့နေပြီဆိုလဲ ဖြစ်ပျက်လို့ မြင်နေတော့တာပါပဲ။
ဒါ့ကြောင့် ယောဂီတာဝန်က ပညတ်ဖြစ်စေ၊ ပရမတ်ဖြစ်စေ၊ သဘာဝလက္ခဏာဖြစ်စေ မြင်ချင်တာမြင် သတိရှိနေဖို့တာဝန်အဓိကပါပဲ။ နောက်ကျ ပညတ်ကနေ ပရမတ်ကို မြင်စပြုလာပြီဆိုရင် ပရမတ်ကို ဦးစားပေးကြည့်၊ သို့သော် ပညတ်မြင်နေပြန်လဲ စိတ်မပျက်ဘဲ သတိနဲ့သာရှု၊ အဲဒီက အဆင့်တက်လို့ ပရမတ် သဘာဝလက္ခဏာကနေ သာမည လက္ခဏာ ဖြစ်ပျက်တွေ စမြင်ပြီဆိုရင်တော့ ဖြစ်ပျက်ကို ဦးစားပေး မလွတ်တမ်းရှု၊ အဲဒီကြားက သမာဓိကျသွားလို့ သဘာဝလက္ခဏာပဲ မိနေလဲ စိတ်မပျက်ဘဲ သဘာဝလက္ခဏာပဲ ရှုဖို့ပါပဲ။

သတ္တ၀ါမှန်သ၍ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ...

ဇော်ထွန်း
(ချမ်းမြေ့)

No comments:

Post a Comment