ယုံကြည်မှု
-------------
ဒီနေ့ ရုံးက အန္ဒိယက အင်ဒီးယန်း ဗွီဂျေ နဲ့ စလုံးက အင်ဒီးယန်း ကာတစ်နဲ့ နေ့လည်စာသွားစာတော့ ရောက်တတ်ရာရာ စကားစပ်မိပြီး ကာတစ်က ဒီလကုန်မှာ အင်ဒီယားကို သွားလည်ဦးမယ်လို့ ပြောပါတယ်။ မကြာခင်ကမှ သူပြန်လာတာဆိုတော့ သူက ဒီတခေါက်ကတော့ နတ်ကျောင်းမှာ သွားပြီး ပူဇော်မလို့တဲ့။ မင့်နတ်ကလဲ ဒီလ လှမ်းပြီး ပူဇော်လို့ မရဘူးလားကွာလို့နောက်လိုက်မိပါတယ်။ အဲဒီကျောင်းက စပယ်ရှယ်လားလို့ မေးတော့ သူနဲ့ ဗီဂျေက စပယ်ဖြစ်ကြောင်း ဓာတ်ပုံနဲ့ အတူတကွ ပြပြီး ၀န်ကြီးချုပ် မိုးဒီလဲ မကြာခင်က သွားခဲ့ကြောင်း၊ ဗွီဂျေ သူငယ်ငယ်ကလဲ သွားပြီး ပူဇော်ကြောင်း၊ နတ်ကျောင်းအ၀င်မှာ ပူဇော်ဖို့ ကတုံးရိတ်ရကြောင်း ပြောပါတယ်။ ကာတစ်ကော ကတုံးရိတ်မှာလားဆိုတော့ ဟုတ်တယ်...တဲ့...
တချို့ စီးပွါးရေးသမားတွေဆိုရင် ရွှေ လေးငါးပိသာအထိ တခါတည်း လှူတဲ့အကြောင်းပြောပါတယ်။ အဲဒီတော့ ကျနော်က အော်... သူတို့ တောင်းထားတဲ့ ဆုပြည့်လက်တွေ့ပြည့်လို့ လာပူဇော်တာနေမှာပေါ့လို့ ပြောတော့ အဲဒီလို လက်တွေ့ပြည့်တဲ့သူတွေ အများကြီး၊ ဒါ့ကြောင့် လာပူဇော်ကြတာတဲ့။
ကျနော်ကလဲ ဒါနဲ့ တောင်ပြုံးပွဲကို သွားသတိရပြီး အေး ဒို့မြန်မာပြည်မှာလဲ အဲဒီလို နတ်ပွဲရှိတယ်။ ဒါဖြစ်အောင် မစပါ၊။ ဖြစ်လာရင် နတ်ကန္နားပေးပါမယ်၊ နောက်နှစ်လာ ပသပါမယ်၊ စသဖြင့် တောင်းခံရာက ပြည့်ဝကြရာက တစထက်တစ စည်ကားလာတော့တာပါပဲ။ နောက်နှစ်မသွားရင် နတ်က စိတ်ဆိုးပြီး အပြစ်ပေးမှာလဲ အလွန်ကြောက်ကြပါတယ်။ များသောအားဖြင့် နတ်ကိုးကွယ်သူများဟာ တဖက်က ကိုယ့်ဆန္ဒပြည့်ဝအောင် ကူညီဖို့တောင်းခံရင်း တဖက်က မကြိုက်တာလုပ်ရင် သူ့ကို မယုံတော့ရင် အပြစ်ပေးခံရမှာလဲ အလွန်ကြောက်ကြပါတယ်။ ယုံကြည်ကိုးကွယ်မှုကိုအဓိက အခြေခံတဲ့ ဘာသာတရားအားလုံးဟာ ဒီလိုဖြစ်တတ်ကြပါတယ်။
အင်း တကယ်လဲ ဗြဟ္မာတွေ နတ်တွေက သူတို့ကို ကိုးကွယ်ရင် စောင့်ရှောက်နိုင်သလောက် စောင့်ရှောက်ကြပုံရပါတယ်။ ဟုတ်တာပေါ့။ လူတောင် ကိုယ့်လာ ဆရာတင်ရင် ဆည်းကပ်ရင် ချီးမြောက်ကြသေးတာပဲ။ အဲဒီလိုပဲ တသက်လုံးက ကိုယ့်ဆရာတင်လာတဲ့လူက ကိုယ့်သိတ်အဖက်မလုပ်တော့ဘဲ တခြားလူ ဆရာတင်ရင် အင်းဒီကောင်တော့ နေနှင့်ဦးဆိုပြီး အလှည့်ကျ အချက်ကျ တွယ်တဲ့သူတွေလဲ ရှိတာကိုး။ ဗြဟ္မာဖြစ်ဖြစ် နတ်ဖြစ်ဖြစ် လူဖြစ်ဖြစ် အတ္တနဲ့ ကိလေသာနဲ့ တည်ဆောက်ထားသမျှတော့ သဘော အတူတူပါပဲ။
---------------------------------------------------------
တချို့သော ဘုန်းကြီးသော တန်ခိုးရှိသော ဆရာတော်ကြီးများကလဲ သူတို့ တတ်နိုင်သမျှ စောင့်ရှောက်ကြပါတယ်။ ကိုယ်တိုင်လဲ ကြုံတွေ့ရဖူးတယ်။ ထင်ထင်ရှားရှားကတော့ ဒုတိယ တောင်ပုလု ဆရာတော်ကြီး စင်္ကာပူကို မကြာခဏ ကြွတုံးကပေါ့။ ဆရာတော်ကြီးကို အကြောင်းတိုက်ဆိုင်လို့ ဝေယျာဝစ္စ ပြုပါတယ်။ ဆရာတော်ကြီးတွေ ဒီကြွလာတော့ မြန်မာပြည်မှာလို ဆွမ်းကွမ်း မပြည့်စုံမှာစိုးလို့လဲ အထူးပြုစုမိပါတယ်။ မှတ်မှတ်ယယ နောက်ဆုံး ဆရာတော်ကြီး ဆေးရုံတက်တဲ့နေ့က အမျိုးသမီးက ဆွမ်းချိုင့်ချက်ပေးပြီး ကျနော်က ကားနဲ့ ဆရာတော်ကြီး သီတင်းသုံးတဲ့ ကိုဗင်ကို သွားပို့ပါတယ်။ ကိုဇော်ထွန်းရေ ဒီနေ့ ဆွမ်းမပို့နဲ့တော့နော်၊ ဆရာတော်ကြီး ဆေးရုံပေါ်ရောက်နေပြီလို့ လမ်းမှာဖုံးဝင်လာပါတယ်။
တရက်ဟာတော့ ဆရာတော်ကြီးကို စင်္ကြကြွဖို့ ဆင်တိုစာကျွန်းဖက်ပင့်သွားတော့ ဆရာတော်ကြီးက ကားပေါ်က မဆင်းခင်မှာ ကား ဒက်ဗုတ်ကို လက်နဲ့ ပွတ်နေတာ တမိနစ်လောက် ကြာပါတယ်။ အင်းဆရာတော်ကြီးက ငါ့ကားကို ဘေးအန္တရာယ်ကင်းအောင် ရွတ်ဖတ်ပေးတာနေမှာပဲလို့ဆိုပြီး ဘေးက ရိုသေစွာ လက်အုပ်ချီနေမိပါတယ်။
အဲဒီနေ့ ညနေက အိမ်ပြန်ရောက် အမှတ်တမဲ့ပဲ ဖိုးဒီနံပါတ်ကြည့်လိုက်တော့ ကျနော့်ကားနံပါတ်က ဒဲ့ ပထမဆုဗျာ။ အဲဒီကျမှ ဆရာတော်ကြီး ဘာလုပ်နေတယ်ဆိုတာ သဘောပေါက်တာ။ မောင်ဇော်ထွန်း ငါက မင်းမြင်အောင် အပေါ်မှာ ချိတ်ထားတာ၊ မင်းက ငုံ့လျောက်တယ်ကွာလို့ ဆရာတော်ကြီးများ ပြောနေမလားပဲ။
----------------------------------------------------------
ကျနော်တို့ အသိ ကိုအောင်နိုင်ရဲ့ ကိုယ်တွေ့ပြောပြလို့လဲ သိရပါတယ်။ သူတခါက သဘောင်္ပေါ် သွားပြင်တာ သူ့လူတွေအားလုံးက လူအားလုံးကုန်ပြီးထင်ပြီး ဆီကန်ထဲကအထွက် တံခါးပိတ်ထားခဲ့တာ၊ သံကန်ဆိုတော့ ပိန်းပိတ်အောင်မှောင်၊ လှေခါး ဘယ်နားရှိလဲ မသိတော့၊ ဒီအချိန် ဆီလွှတ်လိုက်ရင်တော့ ငါတော့ သေပြီဆိုပြီး ချွေးပြန်ချိန်မှာ လှေခါးထိပ် တံခါးနား အလင်းရောင်လေး မြင်ရသတဲ့ သူလဲ ၀မ်းသာအားရ လှေကားကနေ အမြန်တက်ပြီး အသက်ဘေးက လွတ်ခဲ့ရပါတယ်။
အဲဒါ သူ့နားက အိမ်ဘေးက ကောင်မလေး တရက်ဟာ နတ်ပူးပြီး နင့်ငါ အဲဒီတုံးက အလင်လေးပြ စောင့်ရှောက်တာ နင်သိရဲ့လားလို့ ပြောသတဲ့...
-----------------------------------------------------------
ဒါ့ကြောင့် ကိုယ်စောင့်နတ်တွေ၊ မိဆိုင်ဖဆိုင်နတ်တွေ၊ အိမ်စောင့်နတ်တွေ၊ သမာဒေ၀ နတ်ကောင်းနတ်မြတ်တွေ ရှိတာပဲ။ သူတို့ကို မရိုမသေတော့ မစော်ကားသင့်ဘူး။ ကိုယ် ကုသိုလ်ကောင်းမှုပြုတဲ့ အခါ အမျှအတန်းဝေတာကောင်းပါတယ်။
သို့သော် သူတို့က ကူညီပံ့ပိုးကြတာပါ။ ကိုယ့်ရှေးအတိတ်ကံနဲ့ လက်ရှိကြိုးစားအားထုတ်မှုကံက အဓိကပါ။
ဒါ့ကြောင့် နတ်ကိုးကွယ်မှုဟာ ကမ္မသကတ သမာဒိဋ္ဌိကို ညှိုးနွမ်းစေနိုင်ပါတယ်။ မျှတအောင် သဘာဝကျအောင် ဆင်ခြင်ဖို့ အရေးကြီးပါတယ်။
ဒီနေ့ ဗုဒ္ဓဘာသာတွေ တော်တော်များများကလဲ ဘုရား နဲ့ သံဃာကို နတ်လို မလိုမငြား လှူဒါန်းကိုးကွယ်နေကြတာတွေကလဲ အတော်များပါတယ်။
-----------------------------------------------------------
စိတ်ထဲမှာ မမေ့နိုင်တဲ့ အကြောင်းလေး တခုရှိပါတယ်။ ကျနော်တို့ရုံးမှာ ၁၉၉၄လောက်က အတူအလုပ်လုပ်တဲ့ Sharon ဆိုတဲ့ ကောင်မလေး အကြောင်းပါ။ ကောင်မလေးစ စလုံးမလေး ပိုလီအပြီး ရုံးဝင်လာတော့ အင်မတန် လိမ္မာပါးနပ်ပြီး အင်မတန် လည်ပါတယ်။ အလုပ်လဲတော်တယ်။ သူရောက်လာပြီး မကြာပါဘူး။ သူ့ကို ဘော့စ်က သဘောကျပြီး အလုပ်တွေ အများကြီးဟာ သူ့ဆီရောက်သွားတော့တာပါပဲ။ ကျနော်ကတော့ အဲဒီတုံးက မြန်မာပြည်က ရောက်လို့ ၃နှစ်လောက်ပဲ ရှိသေးတော့ အင်္ဂလိပ်စကားလဲ သိတ် မပြောနိုင်သေး၊ လူမှုဆက်ဆံရေးလဲ မထဲဝင်သေး၊ သူတို့ စီးပွါးရေး ထုံးစံ AP,AR,GL,Debit, Credit, BL, Inventory စသဖြင့်ဟာတွေလဲ ဘာတွေ ဘယ်လိုမှန်း ဖြတ်ကနဲ မသိ၊ အခုခောတ်လို သိချင် အင်တာနက် ချက်ခြင်းရှာလို့ရတဲ့ ခောတ်လဲ မဟုတ်ဘဲကိုး။ ဒီလိုနဲ့ ကိုယ်က တဖြေးဖြေး ဘေးရောက်ပြီး သူက ရှေ့တမ်းမှာ တရွှမ်းရွှမ်း အစွမ်းပြနေပါတော့တယ်။
ဒီလိုနဲ့ PC accounting system ရေးပြီးတော့ သူပဲ အဓိကရေးတာဆိုတော့ သူ့ကိုပဲ အင်ဒိုနီးရှားကို install လုပ်ဖို့ လွှတ်လိုက်ပါတယ်။ အဲဒီမှာ သူ တပတ်လောက်ကြာပြီး အဆင်မပြေဖြစ်ပြီး ပြန်လာပါတယ်။ ပြန်ရောက်ရင်တော့ ဘော့စ်က သူ့ကို ဆူတော့မှာပဲဆိုပြီး တော်တော်ကို ကြောက်လာပါတယ်။ ကောင်မလေးက ဗုဒ္ဓဘာသာပါ၊ သူနဲ့ စေ့စပ်ထားတဲ့ကောင်လေးကလဲ ဗုဒ္ဓဘာသာပါပဲ။ အစိုးရဆီ အိမ်တောင်အတူ လျောက်ထားပြီးပါပြီ။ ဒါပေမဲ့ ဖြစ်ချင်တော့ မသွားခင်လေးတင် သူက ခရစ်ယာန်ဘုရားကျောင်းကို သူငယ်ချင်းနဲ့ လိုက်သွားဖြစ်တယ်။ သူ့ကို စောင့်ရှောက်ဖို့ ရောက်တုံးဆုတောင်းခဲ့တယ်ပေါ့။
အဲဒီလိုနဲ့ အပြန် လေယာဉ်ပေါ်မှာ အတော်ကြောက်ပြီး လုပ်မိလုပ်ရာ ဘုရားသခင် ငါပြန်သွားရင် ငါ့ကို ဘော့စ်က အလုပ်မဖြုတ်အောင် စောင့်ရှောက်ပါ။ အဲဒါဆို ငါ ခရစ်ယာန်ဘာသာထဲ ၀င်ပါမယ်လို့ ဆုတောင်းလိုက်တယ်။
ရုံးပြန်ရောက်တော့ သူ့အဆင်မပြေတဲ့ အကြောင်းပြောပြတော့ ဘော့စ်က သာမန်ပဲနားထောင်ပြီး အခုဖြစ်တဲ့ ပြသနာတွေကို ပြန်စစ်ဖို့နဲ့ နောက်တခေါက် သွားလုပ်ဖို့ပဲ ဆွေးနွေးပါတယ်။ သူ့ကို မဆူပါဘူး။ ကျနော် ဘော့စ်နေရာက နေကြည့်တယ်။ အလုပ်ကို ကိုယ်သိတ်ယုံကြည်ထားတဲ့သူတယောက်က အဆင်မပြေ မမြော်လင့်တာ ဖြစ်လာရင်လဲ သူ့ကို ဆူလိမ့်မယ် မဟုတ်ပါဘူး။ အားပေးပြီး အဆင်ပြေအောင်လုပ်ဖို့ ပြောကာ ပံ့ပိုးမှာပါပဲ။
သို့သော် သူကတော့ အင်မတန်ကို ၀မ်းသာ အံ့သြပြီး အဲဒီနေ့မှာပဲ ဗုဒ္ဓဘာသာကနေ ခရစ်ယာန်ကို ပြောင်းသွားတော့တာပါပဲ။ မကြာခင်လဲ ကောင်လေးကိုကွာစဲ၊ ခရစ်ယာန်ကောင်လေးနဲ့တွဲ ပြီး လက်ထပ်လိုက်ပါတော့တယ်။
ကျနော်တို့ရုံးကလဲ အင်ဒိုနီးရှားက ပြန်လာပြီး ၂လလောက်နေ အလုပ်ထွက်သွားပါတယ်။
သူအလုပ်ထွက်သွားတော့ သူရေးထားတဲ့ account system ကို ကျနော် စီနီယာ ဟိုင်မင်းကို လွှဲထားခဲ့ပြီး shipping system ကိုတော့ ကျနော့်ကို လွှဲထားခဲ့ပါတယ်။
ဟိုင်မင်းကလဲ accounting system ကို လွှဲယူပြီး ဆက်လုပ်တော့မှ အထဲမှာ ဖြစ်ကတတ်ဆန်း ပြီးလွယ်စီးလွယ်တွေ ပေါက်ကရ လုပ်ထားတာတွေကို အံ့သြဖွယ်တွေ့ရလို့ ဘောစ့်ကို တင်ပြပါတယ်။
ကျနော်ကလဲ ကျနော်ယူခဲ့တဲ့ shipping system မှာ သူအပြကောင်းရုံ ပြီးလွယ်စီးလွယ်တွေ လုပ်သွားတာကို အင်မတန် အံ့သြစရာကောင်းလွန်းလို့ ဘော့စ်ကို ပြောပြမိပါတယ်။
အဲဒီတော့မှ ဘော့စ်က ဇော်ထွန်းရေ- သူရှိနေတုံးက ငါသူ့ကို အင်မတန် သဘောကျတာ၊ သူမရှိမှ သူငါတို့ကို လိမ်သွားတာ နားလည်တယ်၊ ငါ လူတွေကို ဘယ်လို နားလည်ရမလဲ လို့ ပြန်ညည်းရှာပါတယ်။
အဲဒီတော့မှ သူထင်ထားတဲ့ ငတုံးကြီး ငလေးကြီး ဇော်ထွန်းတို့လဲ မြောင်းပေါ်ကနေ ပြန်တက်လာ တန်ဘိုးထားစရာကောင်းတဲ့ စိတ်ချရတဲ့ လူတယောက်လို့ အမြင်ခံရပါတော့တယ်။
-----------------------------------------------------------------
လွန်ခဲ့တဲ့ သုံးနှစ်လောက် စင်္ကာပူ သီတင်းစာထဲမှာ သတင်းတပုဒ်ပါပါတယ်။ အဲဒီသတင်းကတော့ လူသတ်မှုနဲ့ ထောင်ကျခံထားရပြီး သတ်ပါတယ်လို့ ၀န်ခံထားတဲ့ အသတ်ခံရမဲ့ မွတ်စလင်ကောင်လေးတယောက်ဟာ သူ့ရှေ့နေက မသင်္ကာလို့ ကိုယ့်စားရိတ်ကိုယ်စားပြီး အမှုကို ပြန်လိုက်ရာက အမှုမှန်ပေါ်ကာ ကွင်းလုံးကျွတ်လွတ်သွားပါတယ်။ တကယ်သတ်တာက သူ့အကိုပါ။ သူ့အကိုက သူ့ကို အတင်းတွန်းထဲ့ပြီး ရဲကလဲ သူ့ကို အတင်ဖိအားပေးတော့ ကောင်လေးက ကြောက်တာရော သူ့အကိုနဲ့ မိသားစုကို ငဲ့တာရောနဲ့ သတ်ပါတယ် ပြောလိုက်တာပါ... တဲ့...
သူ့ကို မင်းထောင်ထဲမှာ တယောက်ထဲ နေရတော့ ဘာလုပ်နေလဲ ဆိုတော့ သူအမြဲပဲ ဘုရားရှိခိုးနေပါတယ်။ သူသတ်တာမဟုတ်ကြောင်း ဘုရားသခင်ကို ပြောပြပြီး သေရင် ဘုရားသခင်ဆီရောက်အောင် ဘုရားပဲ အမြဲ ရှိခိုးနေပါတယ်... တဲ့
အခုမင်းလွတ်လာတော့ ဘာလုပ်မလဲဆိုတော့... ဘုရားရှိခိုးပါမယ်၊ ဘာသာရေးနဲ့ ပတ်သက်တာတွေ ပိုလုပ်ပါမယ်...တဲ့...
-------------------------------------------------------------------------
ခက်တာက ကျနော်တို့ ဗုဒ္ဓဘာသာ ဘုရားက အဲဒီလို မမတာပါပဲ။ ကျနော်တို့ ဘုရားက လောကရဲ့ အချမ်းသာဆုံးနည်းလမ်းကတော့ ဒါပဲကွယ်၊ ငါလဲ ဒီလိုလုပ်ခဲ့တယ်၊ မင်းတို့လဲ ဒီလိုလုပ်ကြ ဆိုပြီး ဆရာစား မချန် ပေးထားခဲ့ပါတယ်။ ဒီ အမြတ်ဆုံးသုခနဲ့ ယှဉ်ရင်ကတော့ ကျန်တာတွေဟာ မျောက်အိုနဲ့ နတ်သမီးကွာသလိုပါပဲ။ အကုန်လုံးကို ရွံစရာ စက်ဆုတ်စရာ ဒုက္ခတုံးတွေ အစစ်ပဲ။ အဲဒီတော့ အဲဒါတွေ မင်းတို့ မက်မနေနဲ့၊ အရာရာကို ဥပက္ခာပြုပြီး အမြတ်ဆုံးသုခကိုသာ ရအောင်ယူပြီး ငါ့နောက်လိုက်ခဲ့ကြ... လို့ ဟောကြားခဲ့ပါတယ်။
အဲဒီတော့ လောကထဲ နေတုံး ဘုရားမျက်နှာနဲ့ ဟိုနတ်က မနိုးနိုး... ဒီနတ်က မနိုးနိုး လုပ်ရတာပေါ့လေ။ ဘုရားကလဲ နတ်တွေကို လူတွေကို စောင့်ရှောက်ဖို့ သာသနာတော်ကို စောင့်ရှောက်ဖို့လဲ ရတနာ့သုတ်မှာ မှာကြားခဲ့တာကိုး။
ဒါပေမဲ့ ကျနော်တို့ ဗုဒ္ဓဘာသာ အတွက်ကတော့ ဒီ အမြတ်ဆုံးသုခသာလျင် ဦးတည်ရာလို့ ဘုရားက ဆုံးမခဲ့ပြီး အဲဒီလို ယုံကြည်ကြပါတယ်။ ဒါ့ကြောင့် နိဗ္ဗာန်ဆုကို တောင်းကြတယ်။ နိဗ္ဗာန် ရောက်အောင် လုပ်ကြပါတယ်။
တချို့ ရယ်စရာဆန်ဆန် ဘုရားခြင်းပြိုင်ကြတာလဲ ကြားဖူးပါတယ်။ ဒို့ဘုရားကမှ ဘုရားအစစ်၊ ဘုရားဆိုတာ ကယ်နိုင်မှ နိဗ္ဗာန်ပို့နိုင်မှ ဘုရားကွ... လို့ ငြင်းကြပါတယ်။
နိဗ္ဗာန်ဆိုတာ ကိုယ်တိုင်ကျင့်လို့ ဘယ်ကလာ ရမှာတုံး၊ လွယ်တဲ့ ကိစ္စမှ မဟုတ်တာ၊ အနိုင်မဲ့ အတုမဲ့ တန်ခိုးရှင်က ပို့ပေးမှ ရောက်မှာပေါ့လို့လဲ ကြားဖူးတယ်။
အဲဒါတွေတော့ ကျနော် မသိပါဘူး။ ဖြေရှင်းပြရလောက်အောင်လဲ ကျနော် ဥာဏ်မမှီပါဘူး။ အရင့်အရင်က ငြင်းခဲ့ကြတာတဲ့ အဖြေတွေ မထွက်ကြပါဘူးတဲ့။
-----------------------------------------------------------------------------
အဲဒီတော့ ကျနော်လဲ ဘယ်ဘုရား အစစ်ဖြစ်တယ် ၀င် မငြင်းချင်တော့ဘူး။
ဒါပေမဲ့ ကျနော် ပြောနိုင်တာတခုက ဗုဒ္ဓမိန့်ကြားခဲ့သလို ***** သတိရှိ၍သာလျင်***** စိတ်ကို အာရုံတခုထဲမှာ ထားပြီး ကြည်လင်အောင် လုပ်၊ ကြည်လင်လာပြီဆိုရင် ခန္ဓာကိုယ်နဲ့ စိတ်မှာ ပေါ်လာသမျှ အာရုံတွေကို ဖြစ်နေရှိနေတဲ့ အတိုင်းစောင့်ကြည့်၊ အဲဒါဆိုရင် မင်း ကိုယ့်အကြောင်း ကိုယ်သိ၊ ကိုယ့်ခန္ဓာအကြောင်း ဘယ်လောက် မကောင်းတယ်ဆိုတာ ကိုယ်သိ၊ ကိုယ့်စိတ် ဘယ်လောက် ဆိုးတယ် နှိပ်စက်တယ်ဆိုတာ ကိုယ်သိ၊ ရွံရှာ စက်ဆုပ်ဖွယ် ခန္ဓာ ရွံရှာ စက်ဆုပ်ဖွယ်စိတ် ဆိုတာ တလွှာချင်းသိလာလို့ ငှက်ပျောတုံးလို အနှစ်တွေ့နိုး တထပ်ချင်းခွါလိုက်တာ ကိလေသာ တထပ်ကွာတိုင်း ကျနော်တို့ စိတ်တွေဟာ တထပ် အေးချမ်းသွားပါတယ်။
အဲဒါကြောင့် လက်တွေ့ပဲ တထပ်ခွါ တထပ် အေးချမ်းတဲ့ အရသာကို ခံစားရလို့ ထပ်ပြီး ထပ်ပြီး ခွါခြင်နေပါတော့တယ်။
ခွါပြီး အကုန်ကုန်ရင်လဲတော့ ပိုပို အေးချမ်းလာလို့ ဘုရားပြောတဲ့ အတိသုက္ခကို ရမှာလဲ ဟုတ်လောက်တယ်လို့ ယုံကြည်လာပါတော့တယ်။
ဒါ့ကြောင့် ဗုဒ္ဓမိန့်ကြားခဲ့တဲ့ တရားတော်ကို လိုက်နာကျင့်သုံးရင်ဖြင့် အခု နာရီဝက်တရားထိုင် အခုစိတ်တွေတည်ငြိမ်၊ အခု ခန္ဓာအမှန်ကို သိလို့ ငြိမ်းချမ်းတဲ့ သံဒိဋ္ဌိကော အကာလိကော အချိန်မလင့် လက်ငင်းအကျိုးပေးတဲ့ တရားဆိုတာ သူများပြောလို့ ယုံစရာ မလိုပါဘူး ခင်ဗျာ။ ဘယ်သူဖြစ်စေ လုပ်ကြည့် ချက်ခြင်းသိတာပါ။
သို့သော် ရေထဲ ဆင်းဆင်းခြင်းတော့ ရေကူး မတတ်ပေဘူးပေါ့။ ဆရာပြသလို ကျိုးစားကူးပါမှ ရေကူးတတ်မှာပေါ့ဗျာ။
ဆရာဘယ်မှာလဲ ဘုရား၊တရား၊သံဃာဟာ ဆရာတွေပါပဲ ခင်ဗျာ။
သတ္တ၀ါမှန်သ၍ တရားတွေ့ ချမ်းမြေ့သာယာရှိပါစေ....။
ဇော်ထွန်း
(ချမ်းမြေ့)
No comments:
Post a Comment